Saturday, October 8, 2022

တရား

 ကျမ၏  မွေးနေ့ မရောက်ခင် ၃၃ ရက် အလိုတွင် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သော တရားများ လေ့လာပူဇော် ပါမည်။

ဆဋ္ဌသံဂါယနာတင်ပိဋကတ်တော် မှ မျှဝေပူဇော်ပါသည်။

မဟာသာလပုတ္တသုတ်။

ရဟန်းတို့ သိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီး တို့သည် ကြီးပွားခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးကြကုန်၏။

အဘယ်ငါးမျိုး တို့နည်းမူ------

အကိုင်းအခက် အရွက်တို့ဖြင့်ကြီးပွါးကုန်၏။

အခေါက်ဖြင့်ကြီးပွါးကုန်၏။

အပွေးဖြင့် ကြီးပွါးကုန်၏။

အကာဖြင့် ကြီးပွါးကုန်၏။

အနှစ်ဖြင့် ကြီးပွါးကုန်၏။


ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည်  ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးကုန်သကဲ့သို့ ရဟန်းတို့  ဤအတူသာလျှင် သဒ္ဓါတရားရှိသော အမျိုးကောင်း သားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းတို့ သည် ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါး၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ----

သဒ္ဓါတရားဖြင့်ကြီးပွါး၏။

သီလဖြင့်ကြီးပွါး၏။

အကြားအမြင်ဖြင့်ကြီးပွါး၏။

စွန့်ကြဲခြင်းဖြင့်ကြီးပွါး၏။

ပညာဖြင့်ကြီးပွါး၏။

ရဟန်းတို့ သဒ္ဓါတရားရှိသော အမျိုးကောင်းသားကို မှီ၍ အိမ်တွင်းနေ လူအပေါင်းသည် ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါး၏ဟု ( မိန့် တော်မူ၏)။

တောအုပ်ကြီး ၌ ရှိသည့်ကျောက်တောင် ကို အမှီပြု၍ တောစိုးသစ်ပင်ကြီးတို့သည် ကြီးပွါးစည်ပင်ကြကုန် သကဲ့သို့ ။

ထို့ အတူ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ဤ အမျိုးကောင်းသားကို မှီ၍သားမယားတို့သည်၎င်း အဆွေအမျိုးတို့သည် ၄င်း မိတ်ဆွေခင်ပွန်း တို့ သည် ၄င်း ဆွေမျိုးအပေါင်း တို့သည်၎င်း ထို အမျိုးသား ကို အမှီပြု ၍အသက်မွေးသူတို့သည် ၄င်း သီလစသည်တို့ဖြင့် ကြီးပွါးကြကုန်၏။

ထိုသီလရှိသူ ၏သီလကို ၄င်း စွန့်ကြဲ ခြင်းကို၎င်း ကောင်းသော အကျင့်စရိုက် တို့ ကို ၄င်း ကောင်းစွာမြင်ကြရကုန်သည် ဖြစ်၍ အတုလိုက်၍ပြုလုပ်ကြကုန်၏။

ပညာရှိသူတို့သည် ဤသာသနာတော် ၌ ကောင်းသောလားရာ( သုဂတိ) သို့ သွားရောက်သူတို့၏ လမ်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြ ကုန်၍ နတ်လောက ၌ ကာမဂုဏ် တို့ ကို လိုတိုင်းရလျက်နှစ်နှစ်သက်သက် ဝမ်းမြောက်ရလေကုန်သတည်း။

ဒသမသုတ်။



No comments:

Post a Comment